ဒုက္ခသည်ကျန်းမာရေး အကျိုးစီးပွားရှင်များညှိနှိုင်းအစည်းအဝေး

Thursday / 11 September 2025

၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် ယူအင်အိပ်ခ်ျစီအာရ် မလေးရှားမှ ဒုက္ခသည်ကျန်းမာရေးအကျိုးစီးပွားရှင်များညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး၊ ကျန်းမာရေးဝန်ကြီးဌာန၊ အစိုးရနှင့်ပုဂ္ဂလိကကျန်းမာရေးဝန်ဆောင်မှုပေးသူများ၊ တက်ကြွလှုပ်ရှားသူအဖွဲ့အစည်းများ၊ ပညာရပ်နယ်ပယ်အသီးသီးမှ ပုဂိုလ်များ နှင့် ဒုက္ခသည်ကိုယ်စားလှယ်များမှ ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

ဤအစည်းအဝေး၏ရည်ရွယ်ချက်မှာ မလေးရှားနိုင်ငံရှိ ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများအား ပိုမိုလွယ်ကူစွာ ဝင်ရောက်ခွင့်ရရှိရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို မျှတစွာ တိုးမြှင့်ရန် ဖြစ်သည်။ ဤအစည်းအဝေး၏ အထင်ကရအချက်များမှာ အောက်ပါအတိုင်းဖြစ်သည်–

  • ယူအင်အိပ်ခ်ျစီအာရ် မလေးရှားကိုယ်စားလှယ် Louise Aubin, မှ မြန်မာနိုင်ငံရှိ အခြေအနေကြောင့် ဒုက္ခသည်အဖြစ် ရွှေ့ပြောင်းလာရသူများအပါအဝင် ဒုက္ခသည်များ၏ အရေးပေါ်ကျန်းမာရေးလိုအပ်ချက်များကို အထူးသဖြင့် အသားပေးဖော်ပြခဲ့သည်။ တရားဝင် ခိုလှုံခွင့်စနစ်မရှိသော်လည်း မလေးရှားနိုင်ငံတွင် လက်ရှိတွင် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများ ၂၀၀,၀၀၀ ကျော် ရှိသည်။
  • ဒုက္ခသည်အကြံပေးဘုတ်အဖွဲ့အဖွဲ့ဝင် Simin Azarmehr သည် ရောက်ရှိလာကြသော အဖွဲ့အစည်းအသီးသီးမှ ပုဂိုလ်များ အားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး၊ လူတန်းစားအားလုံးအတွက် အကျုံး၀င်မူရှိသော ကျန်းမာရေးဝန်ဆောင်မှု၏ အရေးပါမှုကို ဦးတည်ဖော်ပြခဲ့သည်။ ဒုက္ခသည်များကို ကျန်းမာရေးဝန်ဆောင်မှုမှ ကန့်သတ်ခြင်းသည် ကုသ၍မရသောရောဂါများ သို့မဟုတ် ကာကွယ်ဆေးထိုးခြင်း မရှိခြင်းကြောင့် ရောဂါများ ပျံ့နှံ့မှု ဖြစ်ပေါ်နိုင်သဖြင့် လူထုကျန်းမာရေးအပေါ် ဆိုးကျိုးများရှိနိုင်ကြောင်း အဆိုပြုခဲ့သည်။
  • ယူအင်အိပ်ခ်ျစီအာရ် မလေးရှား ပြည်သူ့ကျန်းမာရေးနှင့် လူထုအခြေပြု ကာကွယ်ရေး ဌာနမှဒေါက်တာ Susheela Balasundaram သည် ဆက်လက် ဆောင်ရွက်လျက်ရှိသော ကျန်းမာရေးအစီအစဉ်များကို တင်ပြပေးခဲ့ပြီး၊ ဒုက္ခသည်များအား ကျန်းမာပြီး လုံခြုံစိတ်ချစွာ၊ ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကို ဖိတ်ခေါ်ခဲ့သည်။
  • Qualitas Health Malaysia၊ Klinik Amal Muhajir၊ Malaysian Relief Agency (MRA)၊ Taiwan Buddhist Tzu Chi Foundation Malaysia၊ Médecins Sans Frontières (MSF) နှင့် အခြားပုဂ္ဂလိကဌာနများနှင့် အကျိုးဆောင်အဖွဲ့အစည်းများသည် ဒုက္ခသည်များနှင့် ခိုလှုံခွင့်တောင်းခံသူများအား ၎င်းတို့၏ ဆေးရုံ၊ ဆေးခန်းများတွင် ဝင်ရောက်ကုသမှုရရှိနိုင်စေရန် လုပ်ဆောင်နေသော အစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်မှုများကို မျှဝေခဲ့ကြသည်။

Organon Malaysia, သည် အမျိုးသမီးကျန်းမာရေးကို ဦးတည်၍ ဆောင်ရွက်သည့် ဆေးဘက်ဆိုင်ရာ ကုမ္ပဏီဖြစ်ပြီး၊ အဆိုပါ အစည်းအဝေး၏ အဓိက မိတ်ဖက်အဖြစ် မိသားစုအစီအစဉ်ရေးဆွဲမှုသည် အမျိုးသမီးကျန်းမာရေးနှင့် မိသားစု၏ စုစုပေါင်း ကျန်းမာရေးအတွက် အရေးကြီးကြောင်း အထူးအလေးပေးတင်ပြခဲ့ပါသ ည်။ သူတို့က Implanon ကဲ့သို့သော ရေရှည်သက်တမ်းရှိ ကာကွယ်ဆေးများသည် လုံခြုံပြီး ထိရောက်ကောင်းမွန် သည့်အပြင် အသုံးပြုရလွယ်ကူမှုရှိကြောင်း နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြသခဲ့သည်။ Organon သည် မိန်းမများအနေဖြင့် ကိုယ်ဝန်သဘာဝကျန်းမာရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို သတိပြု၍ ရွေးချယ်နိုင်ရန်၊ သင့်တော်သော အကြံဉာဏ်ပေးမှု၊ ဘေးထွက်ရောဂါများ စီမံခန့်ခွဲခြင်းနှင့် အသိပညာပေးခြင်းတို့ လိုအပ်ကြောင်းလည်း အထူးဖော်ပြခဲ့သည်။

နိုင်ငံတကာ ပြည်သူဦးရေဖွံ့ဖြိုးရေး ရန်ပုံငွေကြီးမှူးဌာန United Nations Population Fund (UNFPA) သည် ၂၀၂၅ ခုနှစ် ဇွန်လတွင် ကျင်းပခဲ့သော အကြံဉာဏ်ဆွေးနွေးပွဲမှ မြန်မာ ဒုက္ခသည်များအကြား လိင်နှင့် ကိုယ်ဝန်ဆောင်ကျန်းမာရေး (SRH) နှင့် လိင်အခြေပြု အကြမ်းဖက်မှု (GBV) အပေါ် ဆွေးနွေးချက်များနှင့် ဖြေရှင်းနည်း အကြံပြုချက်များကို မျှဝေခဲ့သည်။ အဓိကဖြစ်သော စိန်ခေါ်မှုများမှာ ယဉ်ကျေးမှုဆိုင်ရာ တားမြစ်ချက်များ၊ ရရှိနိုင်သော လိင်နှင့် ကိုယ်ဝန်ဆောင်ကျန်းမာရေး (SRH) ဝန်ဆောင်မှုများအပေါ် သတိပညာနည်းပါးမှု၊ ကုသမှုဆိုင်ရာ စရိတ်အမြင့်၊ လှုပ်ရှားမှုကန့်သတ်မှုများ၊ လိင်အခြေပြု အကြမ်းဖက်မှု (GBV) ထိခိုက်ဒဏ်ရာခံရသူများ၏ ကြောက်ရွံ့မှု၊ ဝန်ဆောင်မှုထံ ဝင်ရောက်နိုင်မှုကန့်သတ်ခြင်းနှင့် လူထုအလုပ်သမားများ၏ သက်တမ်းကျော်ပြင်းထန်သည့် ပင်ပန်းခွန်အားကျဆင်းမှုတို့ ဖြစ်ပါသည်။ ဤပြဿနာများအတွက် ဖြေရှင်းချက်များ အနေဖြင့် အကြံပေးပွဲတက်ရောက်သူများသည် သတိပညာမြှင့်တင်ရေး၊ ယောကျာ်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု တိုးမြှင့်ရေး၊ စစ်ဆေးမှုနှင့် ရည်ညွှန်းမှု လမ်းကြောင်းများကို စံပြအတိုင်း ပြုလုပ်ရေးနှင့် ဒဏ်ရာအခြေပြု စောင့်ရှောက်မှုများ အာမခံရေးတို့ကို အကြံပြုခဲ့ကြသည်။ ထို့အပြင် ယူအင်အိပ်ခ်ျစီအာရ် မှ မလေးရှားနိုင်ငံရှိ အကြမ်းဖက်မှု ထိခိုက်ဒဏ်ရာခံရသူများအတွက် ရှိပြီးသား ရည်ညွှန်းမှု လမ်းကြောင်းများနှင့် ထောက်ပံ့ကူညီမှု ဝန်ဆောင်မှုများကို တက်ရောက်သူများအား အသိပေးခဲ့ပါသည်။

အစည်းအဝေးကို အပြီးသတ်စဉ်အနေနှင့် Allianz က ဒုက္ခသည်များအတွက် စျေးနှုန်းသက်သာပြီး ကျန်းမာရေးအာမခံပေးသည့် ဒုက္ခသည် ဆေးဘက်အာမခံအစီအစဉ် (REMEDI) အကြောင်း တင်ပြခဲ့သည်။ တက်ရောက်သူများသည် ညှိနှိုင်းမှုဆိုင်ရာ စိန်ခေါ်မှုများ၊ ရန်ပုံငွေ အားနည်းချက်များနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ပိုမိုခိုင်မာစေရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။ REMEDI ဖြင့် ဆေးရုံတက်ကုသမှုများ ရရှိရာတွင် ကြုံတွေ့ရသော အခက်အခဲများနှင့် ပြည်သူ့အသိပညာနည်းပါးခြင်းအပေါ် စိုးရိမ်ပူပန်မှုများ တင်ပြခဲ့ကြသည်။ တက်ရောက်သူများသည် လူထုအထောက်အပံ့ စနစ်တကျ တိုးမြှင့်ရန် အများပြည်သူဆိုင်ရာ ကြော်ငြာများ ပိုမိုပြုလုပ်သင့်ကြောင်း အကြံပြုခဲ့ကြသည်။ မိတ်ဖက်များမှ REMEDI ၏ အာမခံဝန်းရံမှုအကြောင်း နားလည်မှုကို တိုးတက်စေရန် လိုအပ်ကြောင်း ထောက်ပြရာတွင်၊ လက်ရှိတွင် မပါဝင်သည့် စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါများ ကဲ့သို့သော အခြေအနေများအား ပုဂ္ဂလိကကဏ္ဍ အကျိုးဆောင်များမှ စဉ်းစားလေ့လာ၍ ထည့်သွင်းဆောင်ရွက်ရေးအတွက် အကြံပြုခဲ့ကြပါသည်။

ယူအင်အိပ်ခ်ျစီအာရ် မှ ပြည်သူ့ကျန်းမာရေးနယ်ပယ်ရှိ အဖွဲ့အစည်းအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးပါကြောင်း ထပ်မံအသိပေးပြောကြားခဲ့သည်။ သတင်းအချက်အလက်များနှင့် အရင်းအမြစ်များကို စနစ်တကျ စုပေါင်းခြင်းအားဖြင့် လုပ်ဆောင်မှုထပ်နေမှုကို တားဆီးနိုင်ပြီး၊ ဝန်ဆောင်မှုချို့တဲ့နေသော ဒေသများတွင် ထောက်ပံ့မှု ပြည့်စုံစွာ ဆောင်ရွက်နိုင်စေရန် အထောက်အကူပြုသည်။ ယူအင်အိပ်ခ်ျစီအာရ် သည် ဒုက္ခသည်ကျန်းမာရေးကဏ္ဍအတွက် ဆက်လက်အပ်နှံဆောင်ရွက်နေသော တက်ရောက်သူအားလုံး၏ တုံ့ပြန်မှုနှင့် ကြိုးပမ်းအားထုတ်မှုများအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ထို့အပြင် မျှတသော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ဖြစ်ပေါ်လာမည်ကို မျှော်လင့်ပါသည်။



Share