ကိုဗစ်-၁၉ ကန့်သတ်မှုများကြားမှ ယူအန်အိတ်ချ်စီအာ၏ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ

Monday / 20 September 2021

ခရီးသွားလာမှုကန့်သတ်မှုများအပါအဝင် ကိုဗစ်-၁၉ ပျံ့နှံ့ကို ရပ်တန့်ရန် ဆောင်ရွက်မှုများကြောင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်နှင့် ပြည်ပထွက်ခွာမှုများသည် မလေးရှားအပါအဝင် ကမ္ဘာတစ်ဝှမ်းတွင် ဆိုးရွားစွာ သက်ရောက်မှုရှိခဲ့သည်။

  • မလေးရှားအစိုးရမှ ပံ့ပိုးထားသည့် ကျန်းမာရေးဆိုင်ရာ အကြံဥာဏ်များနှင့် လည်ပါတ်ဆောင်ရွက် ထိန်းချုပ်မိန့်များအရ ပြန်လည်နေရာချထားရေးအပါအဝင် ယူအန်အိတ်ချ်စီအာ၏ ဝန်ဆောင်မှုအများစုကို ယူအန်အိတ်ချ်စီအာဝန်ထမ်းများသာမက ဒုက္ခသည်များ၏ကျန်းမာရေးကို ကာကွယ်ရန်အတွက် အဝေးမှ (တယ်လီဖုန်း သို့မဟုတ် ဗီဒီယိုခေါ်ဆိုမှု)များဖြင့် ဆောင်ရွက်သည်။
  • ကိုဗစ်-၁၉သည် နိုင်ငံတကာ ခရီးသွားလာမှုအပေါ် သိသိသာသာ သက်ရောက်မှုရှိခဲ့ပြီး မလေးရှားအပါအဝင် လက်ခံထားသည့် ဒုက္ခသည်များ၏ ပြည်ပထွက်ခွာမှုများကို ထိခိုက်ခဲ့သည်။
  • ယင်းပြောင်းလဲမှုများရှိနေစဥ်အတွင်း အဝေးမှ အင်တာဗျူးကို ဆောင်ရွက်ရသော်လည်း ပြန်လည်နေရာချထားရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် လုပ်ငန်းစဥ်များသည် ပြောင်းလဲခြင်း မရှိပါ။
    1. ပြန်လည်နေရာချထားရေးသည် အခွင့်အရေးတစ်ခု မဟုတ်ပါ။ ယူအန်အိတ်ချ်စီအာမှ မှတ်ပုံတင်ခြင်း၊ သို့မဟုတ် ဒုက္ခသည်အဆင့်အတန်းသတ်မှတ်ပေးခြင်းသည် ပြန်လည်နေရာချထားရေးအတွက် လူတစ်ဦးချင်းစီကို ဆောင်ရွက်ပေးမည်ဟု မဆိုလိုပါ။
    2. ပြန်လည်နေရာချထားရေးသည် အကူအညီများစွာလိုအပ်နေသော ဒုက္ခသည်များအတွက် အကာအကွယ်ပေးသော ကိရိယာတစ်ခုဖြစ်နေဆဲဖြစ်သည်။ ဖြစ်နိုင်ချေရှိသောပြန်လည်နေရာချထားရေးဆိုင်ရာ အမှုတွဲများကို စီစစ်ရာတွင် တစ်ဦးချင်းစီ၏ လုံခြုံရေးဆိုင်ရာလိုအပ်ချက်များပေါ်တွင် ဆက်လက်၍ မူတည်သည်။
    3. ပြန်လည်နေရာချထားရေးအတွက် အမှုတွဲတစ်ခုကို တင်သွင်းပေးရန် စဉ်းစားရာတွင် ပြန်လည်နေရာချထားရေး နေရာများရရှိမှု၊ လက်ခံပေးသော တိုင်းပြည်၏ အခန်းကဏ္ဍ၊ လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့် တစ်ဦးချင်း ကာကွယ်မှုလိုအပ်ချက်များအပါအဝင် အချက်များစွာပေါ်တွင် မူတည်သည်။
  • သင်၏ အမှုတွဲအား ပြန်လည်နေရာချထားရေးအတွက် အရည်အချင်းပြည့်မီနိုင်သည်ဟု ခွဲခြားသတ်မှတ်ပါက၊ တာရှည်ခံဖြေရှင်းရေးဌာန(DSU)သည် ပြန်လည်နေရာချထားရေးဆိုင်ရာ လုပ်ငန်းစဥ်များအကဲဖြတ်အပြီးသတ်ရန်အတွက် နောက်ထပ်အချက်အလက်များ လိုအပ်ပါက သင့်အား ဖုန်းဖြင့် ဆက်သွယ်မည်ဖြစ်သည်။

ပြန်လည်နေရာချထားရေဆိုင်ရာ အင်တာဗျူး

အကယ်၍ သင်၏ အမှုတွဲသည် ပြန်လည်နေရာချထားရေးလုပ်ငန်းစဥ်အတွက် သင့်လျော်သည်ဟု တွေ့ရှိပါက အဝေးမှ ပြုလုပ်သော အင်တာဗျူးအတွက် သင့်အား ဆက်သွယ်အကြောင်းကြားမည် ဖြစ်သည်။ ယေဘူယျအားဖြင့် ကိုဗစ်ခွင့်ပြုပါက ယူအန်အိတ်ချ်စီအာတွင် အင်တာဗျူးလုပ်ရန် လိုအပ်သည့် အလွန်ထူးခြားသော အခြေအနေများမှလွဲ၍ အင်တာဗျူးအားလုံးကို အွန်လိုင်း သို့မဟုတ် ဖုန်းဖြင့် ပြုလုပ်သည်။ ဖုန်းခေါ်နေစဥ်အတွင်း အဝေးမှပြုလုပ်ရသော အင်တာဗျူးကို ပြုလုပ်ရန် ဆန္ဒမရှိပါက တာရှည်ခံဖြေရှင်းရေးဌာနကို သင့်အနေဖြင့် အသိပေးနိုင်သည်။ ပြန်လည်နေရာချထားရေးအတွက် ယူအန်အိတ်ချ်စီအာ၏ ထည့်သွင်းစဉ်းစားမှုရလဒ်အပေါ် သက်ရောက်မှုရှိမည် မဟုတ်ပါ။ သို့သော် ယူအန်အိတ်ချ်စီအာရုံး ပြန်ဖွင့်သည်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းမှုများ ပြန်လည်စတင်နိုင်သောကြောင့် နှောင့်နှေးမှုများ ဖြစ်နိုင်ပါသည်။

အဝေးမှ အင်တာဗျူးပြုလုပ်နေစဥ်အတွင်း ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်၏ ခြုံငုံသုံးသပ်ချက်နှင့် ခေါ်ဆိုမှု၏ ရည်ရွယ်ချက်တို့ကို ယူအန်အိတ်ချ်စီအာဝန်ထမ်းမှ သင့်ကို အကျဥ်းချုံးပြောပြမည်ဖြစ်သည်။ သင့်ကိုယ်ရေးကိုယ်တာနှင့် လျှို့ဝှက်ချက်များကို အကာအကွယ်ပေးထားသည့် လုံခြုံသောပတ်ဝန်းကျင်တွင် ရှိနေသလားကိုလည်း စစ်ဆေးကြည့်ရှုမည်ဖြစ်သည်။ သင်၏ စာရွက်စာတမ်းများကို ယူအန်အိတ်ချ်စီအာသို့ တင်ပြရန် လိုအပ်ပါက လမ်းညွှန်ပေးမည် ဖြစ်သည်။

အသံဖြင့် သို့မဟုတ် ရုပ်သံဖြင့် အဝေးမှပြုလုပ်သော ပြန်လည်နေရာချထားရေးအင်တာဗျူးကို ကျေးဇူးပြု၍ မှတ်တမ်းတင်ခြင်း မပြုပါနှင့်။ ၎င်းသည် လျှို့ဝှက်ချက်ကို ချိုးဖောက်ရာရောက်မည်ဖြစ်ပြီး ယူအန်အိတ်ချ်စီအာမှ အလေးအနက်ထား ဆောာင်ရွက်မည်ဖြစ်သည်။

ယူအန်အိတ်ချ်စီအာနှင့် ပြန်လည်နေရာချထားရေး အင်တာဗျူးဖြေဆိုပြီးနောက်

ပြန်လည်နေရာချထားရေးအင်တာဗျူးပြီးနောက် သင်၏အမှုတွဲကို သေချာစွာပြန်လည်သုံးသပ်မည်ဖြစ်ပြီး ၎င်းအား ပြန်လည်နေရာချထားရေးနိုင်ငံသို့ တင်ပြသင့် မသင့်ကို ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။

အကယ်၍ သင်သည် ယူအန်အိတ်ချ်စီအာနှင့် ပြန်လည်နေရာချထားရေးအင်တာဗျူးပြုလုပ်ထားပြီး ဥပမာ၊ မိသားစုဝင်ဦးရေ/ ပြောင်းလဲမှု အခြေအနေများနှင့်ပါတ်သက်ပြီး မေးခွန်းများ သို့မဟုတ် အချက်အလက်များကို အသိပေးရန် ဆန္ဒရှိပါက mlsludsu@unhcr.org သို့ အီးမေးလ် ပေးပို့ပါ။

ပြန်လည်နေရာချထားရေးအတွက် သင့်အမှုတွဲကို လက်ခံပါက တာရှည်ခံဖြေရှင်းရေးဌာန သို့မဟုတ် ပြန်လည်နေရာချထားရေးနိုင်ငံမှ ၎င်းကိစ္စနှင့်ပတ်သက်သည့်အချက်အလက်များကို ပေးပို့ရန် သင့်ကို ဆက်သွယ်မည်ဖြစ်သည်။

ပြန်လည်နေရာချထားပေးသည့် နိုင်ငံများသည် ၎င်းတို့၏ မူဝါဒနှင့် ဥပဒေများအပေါ် အခြေခံ၍ ပြန်လည်နေရာချထားပေးရေးကို ဆုံးဖြတ်သည်။

ပြန်လည်နေရာချထားရေးအင်တာဗျူးဖြေဆိုပြီး ၆လကြာပြီးနောက် သင့်အား ဆက်သွယ်လာခြင်းမရှိပါက mlsludsu@unhcr.org သို့ ကျေးဇူးပြု၍ အီးမေးလ်တစ်စောင် ပေးပို့ပါ။ လက်ခံရရှိသည့် အီးမေးလ်ပမာဏ များပြားသောကြောင့် ယူအန်အိတ်ချ်စီအာသည် မေးမြန်းမှုများနှင့်ပါတ်သက်၍ တစ်ဦးချင်းကို အကြောင်းပြန်နိုင်ခြင်း မရှိပါ။ ယူအန်အိတ်ချ်စီအာသို့ အလားတူမေးခွန်းကို ကျေးဇူးပြု၍ အကြိမ်များစွာ မပို့ပါနှင့်။ ၎င်းသည် စီမံဆောင်ရွက်မှုကို ပိုမိုနှောင့်နှေးစေမည်ဖြစ်သည်။

အကယ်၍ သင်၏ အမှုတွဲကို ကနေဒါ သို့မဟုတ် ယူအက်စ်သို့ လွှဲပြောင်းပြီးပါက

အကယ်၍ သင်၏ အမှုတွဲကို အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းပြီးပါက ပြန်လည်နေရာချထားရေး ပံ့ပိုးသည့်စင်တာ (RSC) အီးမေးလ် (KL.Inquiries@rescue.org)၊ တယ်လီဖုန်း (+603 2141 5846)၊ ဖက်စ် (+603 2144 8716) သို့မဟုတ် ၎င်းတို့၏ CASI ဝက်ဘ်ဆိုက်မှတဆင့် သင်၏ အမှုတွဲအခြေအနေကို စစ်ဆေးနိုင်သည်။

အကယ်၍ သင်၏ အမှုတွဲကို ကနေဒါသို့ လွှဲပြောင်းပြီးပါက Immigration, Refugees and Citizenship Canada’s web form ကို အသုံးပြု၍ သင်၏ အမှုတွဲအခြေအနေကို စစ်ဆေးနိုင်သည်။

ထွက်ခွာခြင်းမပြုမီ ကြိုတင်ပြင်ဆင်မှုများနှင့် ပြန်လည်နေရာချထားရေးနိုင်ငံသို့ ခရီးသွားခြင်း

ကပ်ရောဂါကြောင့် နိုင်ငံအများအပြားသည် နိုင်ငံသားမဟုတ်သူများ ဝင်ရောက်မှုကို ကန့်သတ်ရန် ခရီးသွားလာမှု ကန့်သတ်ချက်များ ဆက်လက် ချမှတ်ထားသည်။ နိုင်ငံများသည် ကိုဗစ်-၁၉ ဖြစ်ပွားမှု အန္တရာယ်ကို စီမံခန့်ခွဲရန်အတွက် ပြည်ဝင်ခွင့်နှင့်ပါတ်သက်ပြီး နောက်ထပ် ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ လက်ခံထားသည့် ဒုက္ခသည်အနည်းစုသည် ပြန်လည်နေရာချထားရေးနိုင်ငံများသို့ ခရီးသွားနိုင်သော်လည်း လက်ရှိတွင် ကမ္ဘာတစ်ဝှမ်းမှ ထွက်ခွာရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။ ပြန်လည်နေရာချထားရေးနိုင်ငံများသည် ဒုက္ခသည်များကို လက်ခံရန် ကတိကဝတ်ပြုထားဆဲဖြစ်ပြီး ကပ်ရောဂါကြီးပြီးသည်နှင့် နိုင်ငံတကာခရီးသွားလာမှုကို တဖြည်းဖြည်း ပြန်လည်စတင်ရန် မျှော်လင့်ထားပါသည်။

နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) သည် ဆေးဘက်ဆိုင်ရာ စစ်ဆေးခြင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ လမ်းညွှန်မှုကဲ့သို့သော မထွက်ခွာမီ လုပ်ထုံးလုပ်နည်းအားလုံးကို ညှိနှိုင်း ဆောင်ရွက်ပေးသည့်အပြင် လက်ခံထားသည့် ဒုက္ခသည်များကို ၎င်းတို့၏ ပြန်လည်နေရာချထားရေး နိုင်ငံသို့ ပို့ဆောင်ရေးအစီအစဉ်များ ပါဝင်သည်။ အကယ်၍ ပြန်လည်နေရာချထားရေးတိုင်းပြည်မှ သင့်ကို လက်ခံပြီးပါက ခရီးသွားလမ်းညွှန်များလည်း အဆင်သင့်ဖြစ်ပါက IOM သည် သင့်ကို ဆက်သွယ်မည်ဖြစ်သည်။ ပြန်လည်နေရာချထားရေးအတွက် လက်ခံထားပြီး သင်၏ ထွက်ခွာမည့်အကြိုအစီအစဉ်များ သို့မဟုတ် ခရီးသွားလာမှုနှင့်ပတ်သက်၍ မေးခွန်းများရှိပါက IOM Kuala Lumpur သို့ iomkulinq@iom.int သို့ အီးမေးလ်ပို့နိုင်သည့်အပြင် +603 923 5540 သို့လည်း ဆက်သွယ်နိုင်ပါသည်။


လိပ်စာ သို့မဟုတ် ဖုန်းနံပါတ်ပြောင်းပါက ကျေးဇူးပြု၍ ယူအန်အိတ်ချ်စီအာကို အသိပေးပါ။

သင်၏ မိုဘိုင်းဖုန်းနံပါတ် သို့မဟုတ် လိပ်စာပြောင်းပါက ယူအန်အိတ်ချ်စီအာကို အကြောင်းကြားရန် မမေ့ပါနှင့်။ ၎င်းသည် ယူအန်အိတ်ချ်စီအာမှ သင့်အား လိုအပ်သလို ဆက်သွယ်ရန်နှင့် လွှဲပြောင်းပေးမှုများကို ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်စေမည်ဖြစ်သည်။

သတိ။ ယူအန်အိတ်ချ်စီအာ၏ ဝန်ဆောင်မှုများအားလုံးသည် အခမဲ့ဖြစ်သည်။

ပြန်လည်နေရာချထားရေးအပါအဝင် ယူအန်အိတ်ချ်စီအာ(သို့မဟုတ်) ၎င်း၏ မိတ်ဖက်များမှ ပံ့ပိုးပေးသည့် ဝန်ဆောင်မှုများနှင့် အကူအညီများအတွက် အခကြေးငွေပေးရန်တောင်းဆိုသော မည်သည့် အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကိုမျှ မယုံကြည်ပါနှင့်။ အကယ်၍ သင့်အား ယူအန်အိတ်ချ်စီအာ၏ ဝန်ဆောင်မှုများရရှိရန်အတွက် အပြန်အလှန်အားဖြင့် လိင်ပိုင်းဆိုင်ရာအပါအဝင် အခြားကိစ္စရပ်များကို တောင်းဆိုပါက ယူအန်အိတ်ချ်စီအာသို့ ကျေးဇူးပြု၍ ချက်ချင်း အကြောင်းကြားပါ။

ယူအန်အိတ်ချ်စီအာ ကွာလာလမ်ပူ – mlslufrd@unhcr.org
စစ်ဆေးရေးမှူးရုံး (IGO) – inspector@unhcr.org
အစီရင်ခံစာများ/တိုင်ကြားချက်အားလုံးကို လျှို့ဝှက်စွာ ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်သည်။ (လိမ်လည်မှုနှင့် အကျင့်ပျက်ခြစားမှု)တို့နှင့်ပါတ်သက်ပြီး အွန်လိုင်းမှတိုင်ကြားလိုပါက ဤနေရာကို နှိပ်ပါ။



Share