ယူအန်အိတ်ချ်စီအာတွင် မှတ်ပုံတင်ခြင်း

ခိုလှုံခွင့်တောင်းခံသူများနှင့် ဒုက္ခသည်များအတွက် အချက်အလက်များ။ မလေးရှားနိုင်ငံအတွင်း ခိုလှုံခွင့်တောင်းခံခြင်းနှင့် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ခြင်း။

မလေးရှားနိုင်ငံရှိ ခိုလှုံခွင့်လုပ်ငန်းစဉ်

လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံသားဖြစ်တည်ခွင့်၊ နိုင်ငံရေး ခံယူချက် သို့မဟုတ် လူမှုရေး အဖွဲ့အစည်းတစ်ခုခုတွင် အဖွဲ့ဝင်ဖြစ်ခြင်း သို့မဟုတ် စစ်ပွဲ၊ ညှင်းပန်းနှိပ်စက်ခြင်း သို့မဟုတ် လူသားမဆန်သော နှိမ့်ချဆက်ဆံခြင်းတို့နှင့် ပတ်သက်၍ ဆိုးဝါးစွာ ထိခိုက်နစ်နာမှုကို ကြုံတွေ့ရသောကြောင့် မိခင်တိုင်းပြည်မှထွက်ပြေးလာခဲ့လျှင် ခိုလှုံခွင့်တောင်းခံနိုင်သည်။

ခိုလှုံခွင့် လုပ်ငန်းစဉ်တွင် ပထမအဆင့်သည် မှတ်ပုံတင်ခြင်း ဖြစ်သည်။ မှတ်ပုံတင်ခြင်းဆိုသည်မှာ ယူအန်အိတ်ချ်စီအာအနေဖြင့် ကာကွယ်စောင့်ရှောက်ရန် လိုအပ်သူများ၏ အချက်အလက်များကို မှတ်တမ်းတင်ခြင်း၊ အတည်ပြုစီစစ်ခြင်းနှင့် အကြောင်းအရာအသစ်များထည့်သွင်းခြင်းတို့ ဖြစ်သည်။

မှတ်ပုံတင်ခြင်းအတွက် လျှောက်ထားရန် သင်သည် ယူအန်အိတ်ချ်စီအာ မလေးရှားနှင့် ရက်ချိန်းတောင်းခံရန် လိုအပ်သည်။ လျှောက်ထားသူတစ်ဦးချင်းအနေဖြင့် ဤဝက်ဘ်ဆိုက်တွင်ရှိသော ဆက်သွယ်ရန်ပုံစံကို အသုံးပြု၍ အွန်လိုင်းရက်ချိန်း တောင်းခံနိုင်သည်။

သင်၏တောင်းဆိုချက် တင်ပြပြီးပါက ရက်ချိန်းနှင့်ပတ်သက်၍ သင့်အား ယူအန်အိတ်ချ်စီအာမှ ဆက်သွယ်မှုကို စောင့်ဆိုင်းပါ။ ပေးပို့ထားသောတောင်းဆိုမှုများအားလုံးကို ဆောင်ရွက်မည်ဖြစ်သော်လည်း များစွာသော တင်ပြလျှောက်ထားမှုများကြောင့် ယူအန်အိတ်ချ်စီအာသည် ချက်ခြင်းတုံ့ပြန်နိုင်မည် မဟုတ်ပါ။ ရက်ချိန်းတစ်ကြိမ် တောင်းဆိုပြီးပါက ကျေးဇူးပြု၍ နောက်ထပ်မပို့ပါနှင့်။

ယူအန်အိတ်ချ်စီအာ မလေးရှားနှင့် သင်၏ရက်ချိန်း

ယူအန်အိတ်ချ်စီအာ မလေးရှားမှ ရက်ချိန်းနှင့်ပါတ်သက်၍ သင့်ကို ဆက်သွယ်ပြီးပါက သင်၏ တွေ့ဆုံမှုအတွက် ပြင်ဆင်နိုင်သည်။

ခိုလှုံခွင့်တောင်းခံသူအားလုံး (မိသားစု၀င်များနှင့်/ သို့မဟုတ် အခြားမှီခိုသူများအပါအ၀င်) သည် သင်တို့၏ မှတ်ပုံတင်ခြင်း ရက်ချိန်းအတွက် တက်ရောက်ရမည် ဖြစ်သည်။

သင်မှတ်ပုံတင်သည့်အခါ မမှားသော၊ အမှန်တရားနှင့် ပြည့်စုံသော အချက်အလက်များကို ပံ့ပိုးပေးရန် အရေးကြီးသည်။ မပြည့်စုံသော သို့မဟုတ် မမှန်ကန်သော အချက်အလက်များသည် သင်၏ အမှုတွဲကို ထိခိုက်နစ်နာစေနိုင်သည်။

သင်၏ မိသားစုဝင်အားလုံးသည် သင်နှင့်အတူ မလေးရှားတွင်ဖြစ်စေ သို့မဟုတ် ကမ္ဘာ့အခြားနေရာများတွင်ဖြစ်စေ သူတို့အားလုံး၏ အသေးစိပ်အချက်အလက်များကို သေချာတင်ပြရမည်။ မိသားစုဝင်များအားလုံးဆိုသည်မှာ ရိုးရာထုံးစံအရ သို့မဟုတ် တရားဝင်မွေးစားထားသူများ ပါဝင်သည်။ မိဘများမှ (မွေးဖွားသော သို့မဟုတ် မွေးစားသော)၊ ညီအစ်ကိုများနှင့် ညီအစ်မများ (မောင်နှမအရင်း၊ ဖအေတူမအေကွဲ မအေတူဖအေကွဲ၊ ပထွေးပါ မိထွေးပါ ၊ မွေးစားခြင်း)၊ ကလေးများ (သားသမီးအရင်း၊ မွေးစားခြင်း၊ လင်ပါ မယားပါ သားသမီးများနှင့် ယခင်အိမ်ထောင် သို့မဟုတ် တော်စပ်မှု)တို့လည်း ပါဝင်သည်။

မှတ်ပုံတင်ထားသူတိုင်းသည် ဖိုင်နံပါတ်တစ်ခုစီ ရရှိမည် ဖြစ်သည်။ ရုံးနှင့် ဆက်သွယ်မှုအားလုံးတွင် ဖိုင်နံပါတ်ကို ဖော်ပြရမည်၊

ယူအန်အိတ်ချ်စီအာတွင် မှတ်ပုံတင်ပြီးပါက သက်တမ်းကုန်ဆုံးမည့်ရက်စွဲနှင့်အတူ ယူအန်အိတ်ချ်စီအာ ကဒ်ပြား သို့မဟုတ် အခြားသော စာရွက်စာတမ်းကို သင့်အား ထုတ်ပေးမည်ဖြစ်သည်။ သက်တမ်းကုန်ဆုံးမည့်နေ့ရက်နှင့် နီးသော စာရွက်စာတမ်း သို့မဟုတ် ယူအန်အိတ်ချ်စီအာကဒ်ကို သက်တမ်းတိုးရန် ကျေးဇူးပြု၍ ရုံးကို ဆက်သွယ်ပါ။

ယူအန်အိတ်ချ်စီအာကဒ်ဆိုသည်မှာ အဘယ်နည်း။ မည်သည့်အခြေအနေကို ပံ့ပိုးပေးသနည်း။

အပြည်ပြည်ဆိုင်ရာ အကာအကွယ်လိုအပ်နေသူများအဖြစ် ယူအန်အိတ်ချ်စီအာ၏ လုပ်ငန်းစဉ်မှတဆင့် မှတ်ပုံတင်ထားသည့် လူတိုင်းအား ယူအန်အိတ်ချ်စီအာ ကဒ် သို့မဟုတ် အခြားသင့်လျော်သော စာရွက်စာတမ်းကို ထုတ်ပေးမည်ဖြစ်ပြီး ကဒ် သို့မဟုတ် စာရွက်စာတမ်းကိုင်ဆောင်သူသည် ယူအန်အိတ်ချ်စီအာ၏ ကာကွယ်မှုအောက်တွင် ရှိသည်ဟု ပြောလို့ရသည်။

ယူအန်အိတ်ချ်စီအာ အထောက်အထား စာရွက်စာတမ်းသည် ဖမ်းဆီးခံရမှုအန္တရာယ်ကို အခြေအနေတခုထိ လျှော့ချပေးနိုင်ပြီး ယူအန်အိတ်ချ်စီအာ၊ ၎င်း၏ လုပ်ဖော်ကိုင်ဖက်အဖွဲ့အစည်းများ သို့မဟုတ် အခြားပါဝင်လှုပ်ရှားသူများထံမှ ကျန်းမာရေးဝန်ဆောင်မှုများ၊ ပညာရေးနှင့် အခြား မရှိမဖြစ်လိုအပ်သော ကူညီပံ့ပိုးမှုများကို အကန့်အသတ်ဖြင့် ခွင့်ပြုထားသည်။

ယူအန်အိတ်ချ်စီအာကဒ်သည် အထောက်အထား စာရွက်စာတမ်းတစ်ခုသာဖြစ်ပြီး သင်သည် ယူအန်အိတ်ချ်စီအာ၏ ကာကွယ်မှုအောက်တွင်ရှိသည်ဟု လက်ခံထားရမည် ဖြစ်သည်။ ၎င်းသည် မလေးရှားတွင် တရားဝင် အသိအမှတ်ပြုခြင်း မရှိပါ၊ နိုင်ငံကူးလက်မှတ်မဟုတ်ပါ။

မည်သည့်အရာများ ယူလာရန် လိုအပ်သနည်း။

နိုင်ငံကူးလက်မှတ်များ၊ သက်သေခံစာရွက်များ၊ လက်ထပ်စာချုပ်၊ မွေးစာရင်း၊ အိမ်ထောင်စုစာရင်း သို့မဟုတ် နိုင်ငံသားစီစစ်ရေး စာရွက်စာတမ်း၊ စစ်မှုထမ်းစာအုပ်ငယ်များ၊ ဆေးလက်မှတ်များ၊ အခြားယူအန်အိတ်ချ်စီအာရုံး၊ ယူအန်အာဒဘလျူအေရုံး သို့မဟုတ် ပြည်ပအစိုးရတွင် ယခင်က မှတ်ပုံတင်ခဲ့သည့် အထောက်အထားများ အပါအဝင် သင့်အမှုတွဲနှင့် ဆက်စပ်သော စာရွက်စာတမ်းအားလုံးကို ယူလာပါ။

မည်သည့်ယူအန်အိတ်ချ်စီအာမှမဆို ထုတ်ပေးသည့် အထောက်အထားကဒ်၊”စဉ်းစားဆဲ အခြေအနေ” ဖော်ပြထားသည့် စာရွက်စာတမ်း၊ ရက်ချိန်းကဒ်နှင့် ရက်ချိန်းနှင့်ပတ်သက်သော ရည်ညွန်းစာရွက်စာတမ်းစသည့်တို့ကို ကျေးဇူးပြု၍ ယူလာပါ။ မလေးရှားမှလွဲ၍ အခြားယူအန်အိတ်ချ်စီအာရုံးမှ လက်ခံရရှိခဲ့သည့် မည်သည့်စာရွက်စာတမ်းကိုမဆို တင်ပြရမည်။

ဒုက္ခသည်အခြေအနေ ဆုံးဖြတ်ခြင်း (RSD) အင်တာဗျူးများကို သီးခြားအကာအကွယ် လိုအပ်ချက်များ သို့မဟုတ် စိုးရိမ်ပူပန်မှုများရှိသည့် အမှုအမျိုးအစားများအတွက်သာ ကိုင်တွယ် ဆောင်ရွက်ပေးသည်။ သင်သည် RSD အင်တာဗျူး အစအဆုံး ဖြေဆိုရန် လိုအပ်ပါက ယူအန်အိတ်ချ်စီအာမှ သင့်အား တိတိကျကျ အကြောင်းကြားမည် ဖြစ်သည်။

အရွယ်ရောက်ပြီးသောမိသားစုဝင်များကို တစ်ဦးချင်းစီ အင်တာဗျူးမည်ဖြစ်သည်။ သင်၏ အမှုတွဲနှင့် သက်ဆိုင်သော သက်သေအထောက်အထားများနှင့် စာရွက်စာတမ်းများကို ကျေးဇူးပြု၍ သေချာစွာတင်ပြပြီး သင်နှင့်အတူ လိုက်ပါလာသည့် မိသားစုဝင်များအား ယူအန်အိတ်ချ်စီအာသို့ အကြောင်းကြာရမည်။

သင်ပြောနိုင်သော ဘာသာစကားဖြင့် အင်တာဗျူးပြုလုပ်ရန် သင့်တွင် အခွင့်အရေး ရှိသည်။ အကယ်၍ သင်သည် စကားပြန်ကို နားမလည်ပါက အင်တာဗျူးပြုလုပ်နေသည့် ယူအန်အိတ်ချ်စီအာ အရာရှိကို ပြောပြရမည်။

ယူအန်အိတ်ချ်စီအာ၏ လုပ်ထုံးလုပ်နည်းများအရ အရည်အချင်းပြည့်မီသည့် တရားဝင်ကိုယ်စားလှယ်တစ်ဦးမှလည်း သင့်ကို ကူညီမည် ဖြစ်သည်။ ခိုလှုံခွင့်တောင်းခံခြင်းဆိုသည်မှာ ဤလုပ်ထုံးလုပ်နည်းအတွက် ဒုက္ခသည်များကို အခမဲ့ တရားဝင်ကူညီပံ့ပိုးပေးသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ အကူအညီ လိုအပ်ပါက မည်သည့် အတွက်ကြောင့် ဥပဒေကြောင်းအရ အကူအညီ လိုအပ်ကြောင်းနှင့် မိခင်တိုင်းပြည်သို့ ပြန်ရန် မဖြစ်နိုင်ကြောင်းကို သင်၏ မိခင်ဘာသာစကားဖြင့် ရှင်းပြပြီး malaysia@asylumaccess.org သို့ အီးမေးလ်ပို့ပါ။

ကျွန်ုပ်၏ ဒုက္ခသည်အခြအနေ ဆုံးဖြတ်ချရန် မည်မျှကြာမည်နည်း။

အမှုတွဲတစ်ခုချင်းစီကို သီးခြားစီ စဉ်းစားရမည်ဖြစ်သောကြောင့် ယင်းသည် သင်၏ အမှု့ သဘောသဘာဝပေါ်တွင် မူတည်သည်။ မည်သို့ပင်ဖြစ်စေ များစွာသောလျှောက်လွှာများကို ဆောင်ရွက်ပေးနေသောကြောင့် ရက်ချိန်းတစ်ခုအတွက် သို့မဟုတ် သင်၏ အဖြေများ လက်ခံရရှိရန် လပေါင်းများစွာ ကြာကောင်း ကြာနိုင်သည်။ သင်၏ နားလည်မှုနှင့် စိတ်ရှည်မှုအတွက် ကျေးဇူးတင်ပါတယ်။

လုပ်ငန်းစဉ်များ၏အစတွင် ဒုက္ခသည်မဟုတ်ကြောင်း ဆုံးဖြတ်ချက်ချပါက မည်ကဲ့သို့ ဖြစ်မည်နည်း။

RSD အင်တာဗျူးတစ်ခုဖြေဆိုပြီးနောက် ငြင်းဆိုသည့် ဆုံးဖြတ်ချက်ကို သင့်အား အသိပေးပါက ရက်ပေါင်း ၃၀ အတွင်း အယူခံတင်ပြခွင့်ရှိသည်။ သင်သည် အယူခံတစ်ကြိမ် တင်ပြပြီးပါက သင်၏ ဖိုင်ကို ကနဦး အင်တာဗျူး ပြုလုပ်ခဲ့သော ယူအန်အိတ်ချ်စီအာအရာရှိမှ သုံးသပ်မည်မဟုတ်ဘဲ အခြားတစ်ယောက်မှ သုံးသပ်သွားမည် ဖြစ်သည်။

ပထမအကြိမ် ဆုံးဖြတ်ချက်သည် ပြောင်းပြန်ဖြစ်သွားပါက သင့်အား ဒုက္ခသည်အခြေအနေ ခွင့်ပြုသတ်မှတ်ပေးမည် ဖြစ်သည်။ ပထမအကြိမ် ဆုံးဖြတ်ချက်သည် အတည်ဖြစ်ပါက သင်၏ ဖိုင်ကို ပိတ်မည် ဖြစ်သည်။

မကြာခနမေးသည့် မေးခွန်းများ

ခိုလှုံခွင့်တောင်းခံသူ ဆိုသည်မှာ အဘယ်နည်း။

ခိုလှုံခွင့်တောင်းခံသူဆိုသည်မှာ မလေးရှားနိုင်ငံသို့ ဝင်ရောက်ပြီးနောက် သို့မဟုတ် ဆိပ်ကမ်းဝင်ပေါက်တစ်ခု၌ ဖြစ်စေ မိခင်တိုင်းပြည်သို့ ပြန်ရမည်ကို ကြောက်ရွံ့ကြောင်း ဖော်ပြသူကို ဆိုလိုသည်။ ခိုလှုံခွင့်တောင်းခံသူများသည် ယူအန်အိတ်ချ်စီအာတွင် ခိုလှုံခွင့်တောင်းခံသူအဖြစ် တရားဝင်မှတ်ပုံတင်ရန် ခိုလှုံခွင့်တောင်းခံသောလျှောက်လွှာကို ပြည့်စုံအောင်ဖြည့်ရမည်။

ခိုလှုံခွင့်တောင်းခံသူအဖြစ် ဆက်လက်မှတ်ပုံတင်ရာတွင် ဒုက္ခသည်တစ်ဦးဖြစ်ကြောင်း ဆုံးဖြတ်ချက်ချရန် ဒုက္ခသည်အခြေအနေ ဆုံးဖြတ်ခြင်းလုပ်ငန်းစဉ်အား ဆောင်ရွက်သွားမှာ ဖြစ်သည်။ အမျိုးသားဥပဒေပြဌာန်းရန် ပျက်ကွက်ခြင်းကြောင့် ၁၉၅၁ခုနှစ် ကွန်းဗန်းရှင်းနှင့် ၎င်း၏ကိုယ်ပိုင်ပြဌာန်းချက်အရ ဒုက္ခသည်အဓိပ္ပါယ် ဖွင့်ဆိုချက်ပေါ်အခြေခံပြီး မည်သူသည် ဒုက္ခသည်ဖြစ်ကြောင်း ယူအန်အိတ်ချ်စီအာမှ ဆုံးဖြတ်သည်။

ခိုလှုံခွင့်တောင်းခံသူများသည် သူတို့၏နေရပ်သို့ ပြန်ရမည်ကိုကြောက်ရွံ့ကြောင်း ဖော်ပြသည့်အချိန်မှ ဒုက္ခသည်အခြေအနေနှင့် ပတ်သက်၍ ယူအန်အိတ်ချ်စီအာမှ နောက်ဆုံးအကြိမ် ဆုံးဖြတ်ချက်ချသည်အထိ နေရပ်တိုင်းပြည်သို့ အတင်းအကြပ်ပြန်ပို့ခြင်းမှ ကာကွယ်ပေးသည်။

အကယ်၍ သင်သည် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံသားဖြစ်တည်ခွင့်၊ နိုင်ငံရေးခံယူချက် သို့မဟုတ် လူမှုရေး အဖွဲ့အစည်းတစ်ခုခုတွင် အဖွဲ့၀င်ဖြစ်ခြင်းတို့နှင့် ပတ်သက်၍ ပြင်းထန်းစွာ ထိခိုက်နစ်နာနိုင်သည့်အတွက် သင်၏ မွေးရပ်တိုင်းပြည် သို့မဟုတ် ယခင်က နေထိုင်ခဲ့သည့် တိုင်းပြည်သို့ ပြန်ရန် ကြောက်ရွံ့ပါက မလေးရှားနိုင်ငံတွင် ခိုလှုံခွင့် လျှောက်ထားနိုင်သည်။

ဒုက္ခသည်ဆိုသည်မှာ အဘယ်နည်း။

ဒုက္ခသည်ဆိုသည်မှာ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံသားဖြစ်တည်ခွင့်၊ နိုင်ငံရေးခံယူချက် သို့မဟုတ် လူမှုရေး အဖွဲ့အစည်းတစ်ခုခုတွင် အဖွဲ့၀င်ဖြစ်ခြင်းစသော အကြောင်းပြချက် သို့မဟုတ် နှိပ်စက်ညှဉ်းပန်းမှုများကြောင့် သို့မဟုတ် အကြမ်းဖက်မှု၊ စစ်ပွဲများကြောင့် တိုင်းပြည်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများကို ဆိုလိုသည်။ ဒုက္ခသည်တစ်ဦးသည် ညှဉ်းပန်းနှိပ်စက်ခံရမည်ကို စိုးရိမ်ကြောက်ရွံ့ကြသည်။ ယင်းကြောက်ရွံ့မှုများကြောင့် ၎င်းတို့သည် နေရပ်တိုင်းပြည်သို့ မပြန်နိုင်ခြင်း သို့မဟုတ် ယင်းနေရာတွင် အကာအကွယ်မရနိုင်ခြင်းကြောင့် ထိုသို့ပြုလုပ်ရန် ကြောက်ရွံ့ကြခြင်းဖြစ်သည်။

ခိုလှုံခွင့်တောင်းခံသူအဖြစ် ဆက်လက်မှတ်ပုံတင်ရာတွင် ဒုက္ခသည် တစ်ဦးဖြစ်ကြောင်း ဆုံးဖြတ်ချက်ချရန် ဒုက္ခသည်အခြေအနေ ဆုံးဖြတ်ခြင်းလုပ်ငန်းစဉ်အား ဆောင်ရွက်သွားမှာ ဖြစ်သည်။ အမျိုးသားဥပဒေ ပြဌာန်းရန် ပျက်ကွက်ခြင်းကြောင့် ယူအန်အိတ်ချ်စီအာသည် ဒုက္ခသည် အခြေအနေနှင့်စပ်လျဉ်း၍ ၁၉၅၁ ခုနှစ် ကွန်းဗန်းရှင်းနှင့် ၎င်း၏ ကိုယ်ပိုင်ပြဌာန်းချက်အရ ဒုက္ခသည် အဓိပ္ပါယ်ဖွင့်ဆိုချက်ပေါ် အခြေခံပြီး မည်သူသည် ဒုက္ခသည်ဖြစ်ကြောင်း ဆုံးဖြတ်သည်။

ဒုက္ခသည်များကို သူတို့၏ နေရပ်တိုင်းပြည်သို့ အတင်းအကြပ်ပြန်ပို့ခြင်းမှ ကာကွယ်ပေးသည်။